ကျွန်တော် အဖိုးကြီး တစ်ယောက်နဲ့ အပြန်အလှန် ငြင်းခုန်နေတယ် ။ သူနှင့် ကျွန်တော်ကြားမှာ ထိုးလက်စ အနိုင်အရှုံး အဖြေမရှိတဲ့ ကြားကွက်တစ်ခု ရှိနေတယ် ။ သူ့ကြည့်ရတာ သိုင်းကားတွေထဲက တရုတ်အဖိုးကြီး တစ်ယောက်လိုပါဘဲ။ မုတ်ဆိတ်မွေးဖြူဖြူတွေက တော်တော်ရှည်နေတယ်။ ဆံပင်တွေကလည်း ဖြူဖွေးပြီး ရှုပ်ပွနေတယ်။ လွယ်အိတ်အကြီးကြီး တစ်လုံးကို လွယ်ထားတယ်။ သစ်ကိုင်းခြောက်တစ်ချောင်းကို တောင်မွေးလုပ်ပြီး ဘေးမှာချ ထားတယ်။
ဘာအကြောင်းကို ကျွန်တော်တို့ ငြင်းနေလည်း ဆိုတာတော့ သေချာမသိဘူး။ သူဟာသူ ပြောချင်တာပြောပြီး ငြင်းနေသလို ၊ ကျွန်တော်ကလည်း ကျွန်တော်ဖာသာ ကျွန်တော် ပြောချင်တာတွေ ပြောပြီးငြင်းနေတာ။ ငြင်းကောင်းကောင်းနဲ့ ထိုင်လိုက် ထလိုက်နဲ့ ငြင်းနေလိုက်တာ အချိန်တွေ ဘယ်လို ကုန်သွားမှန်းမသိဘူး။
နောက်တော့မှ သတိထားမိတော့ သူပြောနေတဲ့ ဘာသာစကားနဲ့ ကျွန်တော်ပြောနေတဲ့ ဘာသာက တူမှ မတူတာ။ အဲဒါကို သိလိုက်မိတဲ့ အချိန်မှာ ကျွန်တော်ဟာ သူကို တောင်းပန်ဖို့ ကြိုးစားတယ်။ အဘနဲ့ ကျွန်တော် ဘာသာစကား မတူတာ မသိပဲ ငြင်းနေမိတာ စိတ်မရှိပါနဲ့ လို့ ချိုချိုသာသာ ပြောပြီး ပြုံးပြမိတယ်။ ကျန်တာတွေ သဘောမတူပဲ အားလုံးငြင်းခဲ့ပေမဲ့ အဲဒီဟာကိုတော့ သူက လက်ခံတဲ့ သဘောရှိတယ်။ ကျွန်တော်ကို ပြန်ပြုံးပြပြီး သူလည်း တောင်းပန်တဲ့ပုံစံနဲ့ ပြောတယ်။
နာရီကြည့်လိုက်တော့ နာရီလက်တံတွေဟာ မြန်လွန်းလို့ အချိန်တောင် သေချာ မမြင်ရပါ။ သူ့ bus ကားလာနေပြီ သူသွားရတော့မယ် လို့ ကျွန်တော်ကို နှုတ်ဆက်တယ် ။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ စိတ်က ရင်ထဲမှာ ပြည့်နေတယ်။ မျက်ရည်မကျအောင် ထိန်းထားရင်း ခေါင်းမော့လိုက်တော့ ကောင်းကင်က တိမ်တွေဟာ ကျွန်တော်ကြည့်လိုက်မိတဲ့ အချိန်မှာ ရုပ်ရှင်တစ်ခုကို fast forward လုပ်ထားသလို ရွေ့သွားတယ် ။ bus ကားနဲ့အတူ တရုတ်အဖိုးကြီးဟာ ကျွန်တော့်မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တယ်။
စိတ်ထဲမှာ ကျွန်တော် သူနဲ့ ငြင်းခုန်ပြီး ကုန်ဆုံးသွားတဲ့ အချိန်များကို ပြန်လည် တမ်းတမိသလိုပါပဲ ။ ကျွန်တော်တို့ ငြင်းခုန်နေမဲ့အစား ... ဆိုတဲ့အတွေးက ကျွန်တော့်ကို ပိုပြီး ဝေသွား စေခဲ့တယ်။ တစ်နေ့မှာ အဘ ပြောတဲ့ ဘာသာစကား ကျွန်တော်များ နားလည်လာမလား စဉ်းစားမိတယ်။ ကျွန်တော့် bus ကား အလာကို စောင့်ရင်း စိတ်ထဲမှာ ၀မ်းနည်းတဲ့ စိတ်ကိုချေဖျက်ရန် ရွတ်နေမိတယ်။ " သုံးသုံးလီ ကိုး ၊ သုံးလေးလီ ဆယ့်နှစ် ၊ သုံးငါးလီ ဆယ့်ငါး . . .ကျန်းမာကြပါစေ ချမ်းသာကြပါစေ . . . "
Wednesday, November 22, 2006
Subscribe to:
Posts (Atom)